Health & Wellness

COVID-19 ကူးစက်နိုင်ချေကို ပိုများနိုင်စေသည့် လွဲမှားသော အနေအထိုင်၊ အပြုအမူများ

Read 160 times

by Win May May Htay

COVID-19 ရောဂါသည် လူစုလူဝေးများ ပြုလုပ်ရာမှ လူအချင်းချင်း တိုက်ရိုက်ကူးစက်တတ်သော ရောဂါတစ်မျိုး ဖြစ်ပြီး ကမ္ဘာအနှံ့တွင် ယခုချိန်ထိ ကူးစက်နှုန်းများ ဆက်လက်မြင့်တက်လျက် ရှိသော ကပ်ရောဂါတစ်ခု ဖြစ်သည်။

ထို့ပြင် လွဲမှားသော အပြုအမူများကြောင့်လည်း COVID-19 ရောဂါပိုးရှိသူ လူတစ်ဦးမှတစ်ဆင့် အခြားသူများထံ အဆင့်ဆင့် ကူးစက်ခံခဲ့ရသော သာဓကများ ရှိခဲ့သောကြောင့် ကျန်းမာနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအပြုအမူများအား အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးကြရန် စက်တင်ဘာလ (၂၈) ရက်နေ့က ကြေညာစာဖြင့် တိုက်တွန်းပြောကြားထားသည်။


၁။ ဝိုင်းဖွဲ့ သီချင်းဆိုခြင်းနှင့် ကာရာအိုကေ သီချင်းဆိုခြင်း၊

၂။ ရုံး၊ စက်ရုံ၊ အလုပ်ရုံနှင့် ဆေးရုံများတွင် ဝိုင်းဖွဲ့စားသောက်ကြခြင်း၊

၃။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အဖျော်ယမကာဆိုင်၊ ညစာစားပွဲ၊ မိတ်ဆုံစားပွဲ၊ မွေးနေ့ပွဲ၊ အလှူပွဲများ စသည်တို့တွင် ဝိုင်းဖွဲ့စကားပြောဆိုခြင်းနှင့် စားသောက်ခြင်း၊

၄။ ဈေးနှင့် ဈေးဝယ်စင်တာများတွင် လူအများ တိုးဝှေ့ဝယ်ယူခြင်းနှင့် ဈေးအား အချိန်ကြာမြင့်စွာ လှည့်လည် ဝယ်ယူခြင်း၊

၅။ တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် ပစ္စည်းများ ဝယ်ယူရန် ရွေးချယ်ရာတွင် လူအများနှင့် အချိန်ကြာမြင့်စွာ အနီးကပ် တွေ့ဆုံစေခြင်း၊

၆။ အလှပြင်ဆိုင်နှင့် ဆံပင်ညှပ်ဆိုင်များတွင် တစ်ဦးနှင့်တစ်ဦး အချိန်ကြာမြင့်စွာ အနီးကပ် ထိတွေ့ခြင်း၊

၇။ လူအများအပြား အခန်းတစ်ခုထဲတွင် နီးကပ်စွာ စုပေါင်းအိပ်စက်ခြင်း၊

၈။ ဘက်စ်ကားများနှင့် အဝေးပြေးယာဉ်များ စီးနင်းရာတွင် ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ မတပ်ဆင်ခြင်း၊

၉။ အချိန် အတန်ကြာသည့်တိုင် လူအများကြား တိုးဝှေ့ကြပ်တည်းစွာ ဘက်စ်ကားစီးနင်းခြင်းနှင့် လူအများ ကိုင်တွယ်ထားသည့် လက်ကိုင်၊ လက်ရမ်းများကို ကိုင်တွယ်ပြီး လက်မဆေးဘဲ မျက်နှာနှင့် နှာခေါင်းကို ကိုင်တွယ်ခြင်း၊



စသည့် အပြုအမူများသည် ရောဂါပိုး ကူးစက်မှုနှုန်းကို ပိုမိုမြင့်တက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

အထက်ဖော်ပြပါ အချက်များအပြင် အခြားသော ရောဂါကူးစက်နိုင်ချေ များပြားသည့် လူစုလူဝေးဖြင့် ပြုလုပ်သော ပွဲလမ်းသဘင်များ၊ အခမ်းအနားများ၊ သင်တန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ တရားပွဲများ စသည်တို့ကိုမူ ယခုကာလအတွင်း ကျင်းပခွင့် မပြုကြောင်း အမိန့်ကြေညာစာများဖြင့် ထုတ်ပြန်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားခဲ့သော မတ်လ (၂၃) ရက်နေ့မှ စ၍ စက်တင်ဘာလ (၂၈) ရက် ၊ ည (၈) နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်း (၁၁,၆၃၁) ဦး ရှိပြီဖြစ်ပြီး၊ သေဆုံးလူနာ (၂၅၆) ဦးနှင့် ကုသမှုခံယူပြီး ရောဂါကင်းစက်လာသူ (၃,၀၇၃) ဦး ရှိပြီဖြစ်သည်။

 

Bookmark